မျက်မမြင်ပုဏ္ဏားဆယ်ယောက်

မျက်မမြင်ပုဏ္ဏား(၁၀)ယောက်
သာလှ။  ။ရွာထဲမှာဗျာ၊ လူတစ်ယောက်က နာနာဘာဝဆိုတာ၊ သူ့အသက်(၆၀)ရှိပြီ တစ်ခါမှမတွေ့ဖူးသေးဘူး။ ဒါကြောင့်နာနာဘာဝဆိုတာမရှိဘူး။ လူတွေအလကားလျှောက်ပြောနေတာလို့ ပြောသဗျ။ ဒါနဲ့ ကိုဖေမြကောဘယ်လိုနားလည်ထားသလဲ။
ဖေမြ  ။ကျမ်းစာထဲမှာပြောထားတာကတော့ စာတန်မာရ်နတ်နဲ့သူ့အပေါင်းအပါတွေ ကမ္ဘာပေါ်မှာရှိတယ်။ စာတန်ဆိုတာ မုသားရဲ့ဖခင်ကြီး၊ လင်းသောကောင်းကင်တမာန် တောင် ယောင်ဆောင်နိုင်တယ်တဲ့။ နောက်ပြီးပြုစားတဲ့အတတ် ကိုလည်း လူတွေရှောင်ကျဉ်ဖို့ပြောထားတယ်ဗျ။ သမ္မာကျမ်းစာဆိုတာကလည်း ဘုရားပြောထားတဲ့ စကားနော်၊ ယုံတာမယုံတာကတော့ ခင်ဗျားရဲ့အပိုင်းပဲ့ဗျ။
သာလှ။  ။ရွာထဲမှာပြောကြတာကိုပြောတာပါ ကိုဖေမြရာ။ မရှိဘူးလို့ပြောတဲ့သူကလည်း အာဘောင်အာရင်းသန်သန်နှင့်ဆိုတော့၊ ငြင်းမယ့်သူလည်းမရှိဘူးလေ။ ငြင်းပြန်ရင်လည်း
သူကသက်သေပြခိုင်းနေဦးမှာ။ မလိုအပ်ပဲ အကျယ်အကျယ်တွေဖြစ်လာမှာပေါ့ဗျာ။
ဖေမြ  ။ကိုသာလှ- ကျုပ်ပုံပြင်တစ်ပုဒ်ပြောပြမယ်ဗျ၊ တစ်ကယ်တော့ခင်ဗျားသိပြီးသားပါ၊ ကျုပ်တို့ငယ်ငယ်တုန်းက ကျောင်းစာထဲမှာ သင်ခဲ့ရတဲ့ မျက်မမြင်ပုဏ္ဏား(၆)ယောက်အကြောင်း ကို မှတ်မိသေးတယ်နော်။
သာလှ။  ။မှတ်မိပါတယ်၊ ဒါနဲ့လုပ်ပါဦး။
ဖေမြ  ။ကျုပ်ပြောမှာက အဲဒီပုံပြင်ပဲ။
သာလှ။  ။အို--ခင်ဗျားဟာက ဘာမှမဆန်းတော့ပဲဗျ။
ဖေမြ  ။နားထောင်ကြည့်ပါဦး။ မျက်မမြင်ပုဏ္ဏား(၁၀)ယောက်နဲ့ မျက်စိမြင်တဲ့လူတစ်ယောက် အကြောင်းတဲ့ဗျ။
သာလှ။  ။ပုဏ္ဏား(၄)ယောက် နဲ့ လူတစ်ယောက် ပိုလာတယ်ပေါ့။
ဖေမြ  ။ဟုတ်တယ်၊ ပိုထားပေးတယ်။
သာလှ။  ။ပိုတော့ရှုပ်ပြီပေါ့ဗျာ။
ဖေမြ  ။သေချာတာပေါ့ ကိုသာလှရာ။
သာလှ။  ။ဒါဆို ပြောဗျာ။
ဖေမြ  ။တစ်ခါတုန်းက လူတစ်ယောက်က မျက်စိမမြင်တဲ့ပုဏ္ဏားဆယ်ယောက်ကိုပြောတယ်။ ဆင်ဆိုတာ ခြေထောက်အကြီးကြီး၊ အစွယ်အကြီးကြီး ဘာညာပေါ့ဗျာ။ မျက်မမြင်ပုဏ္ဏားဆယ်ယောက် ကတော့ ပါးစပ်လေးအဟောင်းသားနဲ့နားထောင်နေကြတယ်၊ တော်တော်ထူးဆန်းတဲ့သတ္တ၀ါပေါ့ဗျာ။ တော်တော်လည်းစိတ်ဝင်စားနေကြတယ်။ ဒါနဲ့ ပုဏ္ဏား(၆)ယောက်က “ခင်ဗျားပြောတဲ့ ဆင်ကိုကျုပ်တို့ စမ်းသပ်ချင်တယ်” တဲ့ဗျာ။ ဒါနဲ့ ဟိုလူကလည်း “စမ်းဗျာ- စိတ်ကြိုက်သာစမ်းကြဗျာ” တဲ့။ ဒါနဲ့ စမ်းကြတာပေါ့ဗျာ။
  (၁)ပုဏ္ဏားတစ်ယောက်ကပြောတယ် “ဟား-တော်တော်မာကျောတယ်၊ ဆင်ဆိုတာ အုတ်နံရံကြီးပဲဗျ” တဲ့
(၂) နောက်ပုဏ္ဏားတစ်ယောက်ကလည်း “အိုး-ဆင်ဆိုတာတိုင်ကြီးတွေပဲ” တဲ့။
(၃)နောက်ပုဏ္ဏားတစ်ယောက်ကလည်း “အို-ဆင်ဆိုတာကြိုးလိုပါလား” တဲ့။
(၄)နောက်ပုဏ္ဏားတစ်ယောက်ကလည်း “ဆင်ဆိုတာ လှံလိုပဲဗျ၊ ချွန်နေတာပဲ” တဲ့။
(၅)နောက်ပုဏ္ဏားတစ်ယောက်ကလည်း “အလိုလေးလေး-ဆင်ဆိုတာ မြွေလိုပါပဲလား” တဲ့။
(၆)နောက်ပုဏ္ဏားတစ်ယောက်ကလည်း “အဟတ်ဟတ်ဟတ်-ဆင်ဆိုတာယပ်တောင်ကြီးပဲ” တဲ့။
သာလှ။  ။ဒါပဲလားဗျာ။ နံဘေးကိုစမ်းမိတဲ့သူက နံရံလို့ပြောလိုပြော။         ခြေထောက်ကိုစမ်းမိတဲ့သူက တိုင်ကြီးလို့ပြောလိုပြော။ အမြှီးကိုစမ်းမိတဲ့သူက ကြိုးလို့ပြောလိုပြော။ အစွယ်ကိုစမ်းမိတဲ့သူက လှံလို့ပြောလိုက ပြော။ နှာမောင်းကိုစမ်းမိသူက မြွေလို့ပြောလိုပြော။ နောက်ပြီးနားရွက်ကိုစမ်းမိတဲ့ သူက ယပ်တောင်လို့ပြောလိုပြော။ ဒါပဲမဟုတ်လား။
ဖေမြ။ ။ဆိုပါတော့ဗျာ- ဒါနဲ့ကိုသာလှ၊ ခင်ဗျားတော်တော်အလျင်လိုတာပဲနော်။
သာလှ။  ။အဟေဟေးဟေ သိပြီးသားမို့ ကျုပ်လည်း ခရားရေလွတ်ပြောလိုက်မိတာပါဗျာ။ ဆက်ပါဦးကိုဖေမြရဲ့။
ဖေမြ  ။ကောင်းခန်းတော့လာပြီ ကိုသာလှရေ။ ဆင်ကြီးကိုသွားမစမ်းပဲ ရပ်နေတဲ့ပုဏ္ဏားတစ်ယောက်က လက်ညိုးငေါက်ငေါက်ထိုးပြီး အသံအကျယ်ကြီးနှင့်အော်ပြောလိုက်တယ်။ ဘာလဲဆိုတော့ “မင်းတို့ပြောတာတွေ တစ်ခုမှမဟုတ်ဘူး။ ဆင်ဆိုတာ မြွေလိုလို၊ ကြိုးလိုလို၊ ယပ်တောင်လိုလို၊ ဟိုလိုလို ဒီလိုလို အကောင်ဆိုတော့ ထူးဆန်းတဲ့သတ္တ၀ါတစ်ကောင်ပဲ။ အေး--ကောင်းပြီ၊ မင်းတို့အတွက် ငါအမည်တပ်ပေးမယ်။ ထူးဆန်းလို့ “ဆန်းထူး” ဆိုပြီးခေါ်ကြကွာ။
သာလှ။  ။တော်တော်ဆိုးတဲ့ပုဏ္ဏား။
ဖေမြ  ။နောက်မျက်မမြင်ပုဏ္ဏား တစ်ယောက်ကလည်း “အေး-မင်းတို့ကြားတယ်နော်၊ တော်ကြာကပုဏ္ဏားကြီးပြောသွားတာ၊ ဆင်ကို “ဆန်းထူး” ဆိုပြီးမခေါ်လို့ကတော့ မင်းတို့နာပြီသာမှတ်။” တဲ့။
သာလှ။  ။သူကလည်းအလာသား ဟ။
ဖေမြ  ။နောက်ပုဏ္ဏားတစ်ယောက်က “ဆင်ဖြစ်ဖြစ်၊ ဆန်းထူးဖြစ်ဖြစ် ဘာထူးမှာလဲ။ ထူးမှာက တစ်ယောက်မှမရှိတဲ့အချိန်မှာ ငါရောင်းစားပစ်မယ်” လို့ ကြိတ်ကြံနေသတဲ့။
သာလှ။  ။တော်တော်ကြံရည်ဖန်ရည်ရှိတဲ့ စီးပွါးရေးပညာရှင်ပုဏ္ဏား။
ဖေမြ  ။နောက်ဆုံးပုဏ္ဏားတစ်ယောက်ကတော့ “တစ်ယောက်မှ မရှိတော့မှ ငါထစမ်းမယ်၊ ငါပြောတာမှားသွားရင်လည်း ၀ိုင်းဟားကြဦးမှာ၊ ၀ိုင်းဖဲ့ကြဦးမှာ၊ အခုတော့ နေနှင့်ဦး၊ ငါ့လက် ငါ့ခြေနဲ့ ငါကိုယ်တိုင်စမ်းပြီးမှ ငါ့ဟာငါ ဆုံးဖြတ်မယ်” လို့ တွေးတောနေသတဲ့။
သာလှ။  ။သြော်-အတွေးအမျိုးမျိုးနဲ့ ခက်လှတဲ့ မျက်မမြင်ပုဏ္ဏားတွေပါလားနော်။
ဖေမြ  ။တစ်ကယ်က- သူတို့မခက်ပါဘူးဗျာ။ တစ်ကယ့်ပြဿနာက ဒီလိုဗျ ကိုသာလှရဲ့။
သာလှ။  ။ဘာများတုန်း၊ ကိုဖေမြရဲ့။
ဖေမြ  ။ဟို-မျက်စိမြင်ပါတယ်ဆိုတဲ့လူက လှည့်စားလိုက်တာပါ။ တစ်ကယ်တော့ ဆင်ကြီးမဟုတ်ပါဘူး၊ နံရံ ဆိုတာကလည်း တစ်ကယ့် နံရံ ပါပဲ၊ တိုင် ဆိုတာကလည်း တစ်ကယ့် တိုင်ပါပဲ၊ နောက်ပြီး ဟို လှံ ဆိုတာကလည်း တစ်ကယ့် လှံ ပါ၊ မြွေ ဆိုတာကလည်း တစ်ကယ့်မြွေ စပါးကြီးလိုမျိုးဆိုပါတော့၊ နောက် ဟို ယပ်တောင်ဆိုတာကလည်း တစ်ကယ့် ယပ်တောင် ပါ။ အဲဒါတွေကို ဆင်ဆိုပြီး လှည့်စားပြောဆိုလိုက်တော့၊ အားလုံးက ဆင်ဆိုပြီး ယုံမှတ်သွားကြတယ်လေ၊ သူတို့မှမျက်စိမမြင်ပဲကိုး။
သာလှ။  ။အဲဒီမျက်စိမြင်တဲ့လူက တော်တော်ဆိုးတာပဲနော်။
ဖေမြ  ။ဟုတ်တယ်၊ အဲဒီလူက စာတန်မာရ်နတ် ကိုယ်တိုင်ပဲဗျ။
သာလှ။  ။အေးဟုတ်တယ်၊ ကျုပ်တို့လည်း ဟို မျက်မမြင်ပုဏ္ဏားတွေနဲ့ ဘာထူးမှာမို့လဲ၊ အသိတရားလေးတော့ရှိဖို့သင့်ပြီပေါ့နော်။
ဖေမြ  ။ဟုတ်တာပေါ့ ကိုသာလှရယ်။ “နှုတ်ကပတ်တော်သည်၊ အကျွန်ုပ်၏ခြေရှေ့တွင်မီးခွက်ဖြစ်၍၊ အကျွန်ုပ်၏လမ်းခရီးတို့ကို လင်းစေတော်မူ၏” တဲ့ဗျ။ ယုံ မယုံ ကတော့ ခင်ဗျားသဘောပဲ ကိုသာလှရေ။
God Bless You
Brother Aung