ရပိုင်ခွင့်နှင့်အခွင့်အရေး
သာလှ။ ။ဒါနဲ့ ကိုဖေမြ- လူတစ်ယောက်ဟာ ခရစ်တော်ကိုယုံကြည်တယ်။ ဒါပေမယ့် နှစ်ခြင်းမခံသေးဘူး၊ တစ်ကယ်လို့ သူသေဆုံးသွားလို့ရှိရင် သူ့ဝိဥာဉ်ဟာကောင်းကင်နိုင်ငံကိုရောက်နိုင်ပါ့မလား။
ဖေမြ။ ။မရောက်နိုင်ဘူးဗျ၊ အဲဒါကျုပ်ပြောတာမဟုတ်ဘူးနော်၊ ကျမ်းစာထဲမှာရေးထားတာ၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး(၃)ကိုဖတ်ကြည့်ဗျာ၊ နိကောဒင် နှင့် ယေရှုခရစ်တော်တွေ့ဆုံခန်းမှာ ယေရှုက “ရေနှင့်ဝိဥာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့မ၀င်ရဟု ငါအမှန်အကန်ဆို၏” လို့အတိအကျပြောထားတယ်ဗျ။
သာလှ။ ။ဟုတ်လား၊ ကျုပ်က ယေရှုခရစ်တော်ကိုကားတိုင်တင်စဉ်တုန်းက ဘေးမှာကားစင်တင်ထားတဲ့သူခိုးနှစ်ယောက်ထဲကတစ်ယောက်ကို ယေရှုက “ငါအမှန်ဆိုသည်ကား၊ ယနေ့တွင်သင်သည် ငါနှင့်အတူ ပရဒိသုဘုံ ၌ ရှိလိမ့်မည် ဟု မိန့်တော်မူ၏” လို့ပြောထားတယ်မဟုတ်လား၊ အဲဒီပုဂ္ဂိုလ်ကနှစ်ခြင်းမခံသေးဘူးလေ၊ ကိုဖေမြရဲ့။ အဲဒါကြောင့် ယုံကြည်မှုနှင့်တင် ကောင်းကင်နိုင်ငံတော်ရောက်နိုင်တယ်ထင်နေတာ။
ဖေမြ။ ။ဒါကအခွင့်အရေးလေ ကိုသာလှရဲ့။ အဲဒီပုဂ္ဂိုလ်ကနှစ်ခြင်းခံဖို့ဆိုပြီးကားတိုင်ပေါ်က ဆင်းလို့မှမရတာ။
သာလှ။ ။ရှင်းစမ်းပါဦးကိုဖေမြရဲ့။
ဖေမြ။ ။ရပိုင်ခွင့်နှင့်အခွင့်အရေးဆိုတာရှိတယ်၊ကိုသာလှရဲ့။ မနေ့ကသူကြီးအိမ်မှာ ဘုတ်ဆုံမ အအေးသောက်နေတာတွေ့တယ်မဟုတ်လား။
သာလှ။ ။အင်း-တွေ့တယ်။ ဒီကောင်မလေး ဘာမှမလုပ်ပဲနဲ့။
ဖေမြ။ ။ ဒီ- ရွာလမ်းမကြီးပြုပြင်တဲ့လုပ်အားပေးပွဲမှာ၊ ခင်ဗျားရောကျုပ်ပါ သွားပြီးတော့လုပ်အားပေးခဲ့ကြတာပဲ။ လုပ်အားပေးပြီးတော့ သူကြီးက ကျုပ်တို့ကိုထမင်းကျွေးတယ်လေ၊ မဟုတ်ဘူးလား။
သာလှ။ ။ဟုတ်တယ်လေ၊ ကျုပ်တို့ကလုပ်အားပေးတဲ့လူတွေလေ။
ဖေမြ။ ။ ဟုတ်တယ် အဲဒါ လုပ်အားပေးတဲ့ကျုပ်တို့တစ်တွေရဲ့ ရပိုင်ခွင့်။ နောက်ပြီး ဒီလုပ်အားပေးပွဲရဲ့တာဝန်ခံက၊ ကာလသားခေါင်းကိုဘကျော်မဟုတ်လား။
သာလှ။ ။ဟုတ်တယ်ဟုတ်တယ်။ ကိုဘကျော်ကသူကြီးတို့ထမင်းဝိုင်းမှာ။
ဖေမြ။ ။ဟုတ်တယ်၊ အဲဒါက အခွင့်အရေး။ နောက်ပြီး ကိုဘကျော်ရဲ့သမီး ဘုတ်ဆုံမ သူကြီးတို့ထမင်းဝိုင်းမှာ ထမင်းစားအအေးသောက်ခွင့်ရတာ အဖေကိုဘကျော်ကြောင့် သမီးဘုတ်ဆုံမ အခွင့်အရေးခံစားရခြင်ပဲမဟုတ်လား။ သူကြီးကလည်း ကိုဘကျော်ဆိုရင်အားလုံး OK ပဲမဟုတ်လား။
သာလှ။ ။ရှင်းပြီ ကိုဖေမြရေ။
ဖေမြ။ ။ရှင်းပြီဆိုရပြီ ကိုသာလှ။
သာလှ။ ။မရသေးဘူးကိုဖေမြရဲ့၊ တစ်ကယ်ဆိုခင်ဗျားဆီကျုပ် ပိုက်ဆံချေးဖို့လာတာ၊ အခွင့်အရေးယူရာတော့မရောက်ပါဘူးနော်။ ဟဲ-ဟဲ
ဖေမြ။ ။တစ်ကယ်တော့ အခွင့်အရေးဆိုတာ အမှန်တရားပေါ်မှာမူတည်နေတာပါ။ အမှန်တရားအရ ခင်ဗျား အခွင့်အရေးမရနိုင်တာတော့ ၀မ်းနည်းပါတယ်ဗျာ။
သာလှ။ ။ဟာဗျာ။
God Bless You
Brother Aung