စည်းလုံးညီညာအောင်ကြောင်းဖြာ
သာလှ။ ။ကျောင်းသန့်ရှင်းရေးလုပ်ဖို့ဗျာ၊ တစ်အိမ်တစ်ယောက် ကျေးဇူးပြုပြီးလာပေးကြပါ လို့ ကြေငြာလိုက်တာ၊ သုံးလေးယောက်လောက်ပဲလာတယ်။ စိတ်ပျက်ဖို့ကောင်းတယ်၊ လူတွေကလည်း စည်းလုံးမှုမရှိကြဘူး။ တော်တော်ဆိုးတဲ့လူတွေ။
ဖေမြ။ ။ဟုတ်လား ကိုသာလှ--ဒါနဲ့ ကိုသာလှ--ခင်ဗျားပြောတဲ့ စည်းလုံးမှုဆိုတာဘာလဲဗျ၊ တစ်မျိုးမထင်နဲ့နော် စကား စ ပေးတာပါ။
သာလှ။ ။ကိုဖေမြကလည်းဗျာ သိသိကြီးနဲ့၊ ခလေးတောင်သိတဲ့ ဟာကို။
ဖေမြ။ ။ဒါဆိုလည်းရှင်းစမ်းပါဦးဗျ။
သာလှ။ ။စည်းလုံးမှုဆိုတာ ညီညွတ်မှုကိုပြောတာ။
ဖေမြ။ ။ဒါဆိုညီညွတ်မှုကကောဘာလဲ။
သာလှ။ ။ညီညွတ်မှုဆိုတာ ကလည်း စည်းလုံးမှုကိုပြောတာ။
ဖေမြ။ ။ခင်ဗျားဟာကလည်း မုန့်လုံးစက္ကူကပ်ကြီးပါလား။
သာလှ။ ။ကျုပ်က အဲဒီလိုပဲ လိုရင်းတိုရှင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တာ။
ဖေမြ။ ။ရှည်ရှည်ဝေးဝေးလုပ်ပါဗျာ။
သာလှ။ ။မလုပ်တတ်ဖူး၊ ခင်ဗျားပဲပြော၊ နားထောင်ကြည့်မယ်။
ဖေမြ။ ။ဒီလိုဗျ- ကိုသာလှရဲ့- စည်းလုံးမှုကို ဋီကာချဲ့ရရင် “စည်း”ဆိုတာ စည်းကမ်းရှိရှိ၊စနစ်တကျကိုပြောတာ။ “လုံး” ဆိုတာကတော့ အတူတစ်ကွ၊ ပူးပေါင်း၊ ပါဝင်၊
ဆောင်ရွက်မှု ပဲဗျ။ အကျယ်ချဲ့မယ်ဆိုရင်၊ အတူတစ်ကွဆိုတော့တစ်ယောက်တည်းမဟုတ်ဘူး၊ ပူးပေါင်းဆိုတော့ နှစ်ယောက်ကနေ အများဖြစ်သွားပြီ၊ ပါဝင် ဆိုတာက ၀င်မပါပဲနေလို့မရဘူး၊ နောက်ပြီး ဆောင်ရွက် ဆိုတာ လုပ်ဆောင်ရမှာကိုပြောတာ၊ မတ်တပ်လေးလာရပ်နေဖို့၊ မျက်နှာလေးလာပြဖို့ မဟုတ်ဘူး။
“ညီညွတ်မှု” ဒါကပိုအရေးကြီးတဲ့အပိုင်းရောက်လာပြီ။ တော်ကြာကပြောတဲ့ စည်းလုံးမှု ဆိုတာကို ပါဝါတွေ၊စွမ်းအားတွေမြှင့်ပေးတာ ညီညွတ်မှုဆိုတာပဲ။ ညီညွတ်မှု ဆိုတာကိုရှင်းမယ်။ “ညီ” ဆိုတာအငယ်တန်း၊ အကြီးတန်း အဲဒီလို အတန်းတွေညီနေရမယ်၊
အကြီးတန်းက အငယ်တန်းကိုသြဇာပြလို့မရဘူး၊ အနိုင်ကျင့်လို့မရဘူး၊ ကြင်ကြင်နာနာဆက်ဆံရမယ်၊ အချင်းချင်းလည်းလေးစားရမယ်။ ငယ်သူတွေအချင်းချင်းလည်း တစ်ယောက်ကိုတစ်ယောက်လေးစားကြရမယ်။
“ညွတ်” ဆိုတာ- ကြီးသူရဲ့ညွန်ကြားမှု၊ သွန်သင်ပေးမှု၊ ဆုံးမမှု၊ သတိပေးမှု၊ နှိုးဆော်မှု တို့ကို ခံယူရင်း ရိုသေလေးစားမှု၊ နာခံမှု၊ သိတတ်မှုတွေနဲ့ ရိုးသားကြိုးစားခြင်းရှိရမယ်။
သာလှ။ ။နားလည်ပြီ ကိုဖေမြ။ စုပေါင်းညီညာအောင်ကြောင်းဖြာပေါ့ဗျာ။
ဖေမြ။ ။ဟုတ်ပါသကောဗျာ၊ စုပေါင်းညီညာရင် အောင်ပန်းတွေ အများကြီးဆွတ်ခူးရမှာပေါ့ဗျာ။
သာလှ။ ။ဒါပေါ့ဗျာ၊ ရရမှာပေါ့ဗျာ။
ဖေမြ။ ။အရေးကြီးဆုံး၊ အခြေခံအကျဆုံး တစ်ခုရှိသေးတယ်။
သာလှ။ ။ဘာများလဲဗျ။
ဖေမြ။ ။ဘုရားသခင်ပြောထားတာကတော့ “မေတ္တာ”မပါလျှင် လုပ်ဆောင်သမျှတို့သည် အချည်းနှီး တဲ့။
သာလှ။ ။ဟုတ်လှပါသကောဗျာ၊ ဘယ်ကိစ္စမဆို မေတ္တာကိုအခြေခံထားတည်ဆောက်သင့်ပါတယ်ဗျာ။
ဖေမြ။ ။ဒါနဲ့- ကိုသာလှ- ကျောင်းသန့်ရှင်းရေးတုန်းက ကျုပ်ရောက်တယ်လေဗျာ၊ ခင်ဗျားကိုမတွေ့မိပါဘူး။
သာလှ။ ။ဒါဒါ - ဟို-ဟိုဟာဗျာ- ကျုပ်ဗိုက်ထဲ မှာ အောင့်အောင့်နေလို့ဗျာ။
ဖေမြ။ ။ဖြစ်မှဖြစ်ရလေ-ကိုသာလှရယ်။
God Bless You
Brother Aung